Monday, November 8, 2010

Cameraman တို့နှင့် အမှတ်တရ တစ်နေ့တာ

Cameraman တို့နှင့် အမှတ်တရ တစ်နေ့တာ။

နိုဝင်ဘာလရဲ့ ပထမပတ် ဒုတိယနေ့မှာ facebookmail ကနေ ဖိတ်စာလေး တစ်စောင်လက္ခံရရှိ
ခဲ့ပါတယ်၊ “လာမယ့် ၅ရက်နေ့ ဒေပ၀ါလီနေ့ မှာ အောက်ပါ အစီအစဉ်အတိုင်း ဓါတ်ပုံရိုက်ထွက်ကြမယ်
စိတ်ဝင်စားရင်လာခဲ့ပါ” ဆိုတ့ဲ စာလေးကို Art Photograph တွေကို အနုပညာမြောက်စွာ ရိုက်ကူးနေသူ
ကိုဇစ် ထံက ပေါ့၊ အဲဒီနေ့  က ကျွန်တော်ရဲ့ ဆေးခွင့် ၅ ရက်မြောက်နေ့ပါ၊ လူကသာ ကောင်းကောင်း မမာပေမယ့် အတော်ပျော် သွားပါတယ် ဒါပေမယ့် ကျမ္မာရေး နှင့် အလုပ်က အခြေအနေကို စိတ်မချရတော့“ကိုဇစ် ရေ ကျွန်တော် သေချာရင် အကြောင်း ပြန်ပါ့မယ်” လို့ အကျိုးအကြောင်းရှင်းပြပြီး အကြောင်း ပြန်ခဲ့ရ ပါတယ်။

နေကောင်းပြီး ရုံးပြန်တက်တဲ့ ၄ ရက်နေ့  ညနေမှာ ကိုဇစ် ကို ကျွန်တော်လာဖြစ်တယ် ဆိုတာရယ်
(ဇနီးသည်၏ ခွင့်ပြုချက်ပါပြီး) န့ဲ Whisky ကိုတာဝန်ယူပါရစေဆိုတ့ဲ အကြောင်း Phone Message
ပို့လိုက်ပါတယ်၊ ကိုဇစ် က မူလအစီအစဉ် အတိုင်းမဖြစ်နိုင်တော့တဲ့ အတွက် အားလုံးစုံမှ လမ်းကြောင်း
အသစ်ကို ရွှေးမယ် ဆိုတာန့ဲ နေ့ခင်းစာကို သူစီစဉ်ပြီးဖြစ်ကြောင်း အိမ်မှာ အတူစားပြီးမှ ထွက်ရိုက်မှာ လို့ပြော ပါတယ်၊

နောက်နေ့မနက် စောစောထ ကျွန်တော့်ဘ၀ဖေါ်ရဲ့ တတွတ်တွတ် မှာကြားချက်တွေဖြစ်တဲ့
“အရမ်းသောက်မလာနဲ့နော်၊” “စောစောပြန်နိုင်အောင်လုပ်၊” “အချင်းချင်းတွေနဲ့လဲစကားမများစေနဲ့၊”
“စကားလုံးကြမ်းတွေ မသုံးမိစေနဲ့” “ဒီည appointment တစ်ခုနဲ့ Dinner ရှိတယ်နော်" ဆိုတာတွေကို “I
am not yesterday born”, “I know very well”, “I will be back about 6pm” တို့နဲ့ ဖြေရှင်းခဲ့ပြီး
မနက် ၉ နာရီလောက်မှာ အိမ်ကထွက်ပြီး ကိုဇစ် နေတဲ့ Toa Payoh အိမ်ကို ၁၀ နာရီ အရောက်မှန်းပြီး
လက်စွဲတော် Canon လေးန့ဲ ငှက်သွင် ပျံကြွမတက် ထွက်ခဲ့ပါတော့တယ်၊
.
စိတ်ငြိမ်တ့ဲ Toa Payoh အိမ်မှာတော့  ချစ်သော အပေါင်းဖေါ်တို့ကို Computer တစ်လုံးန့ဲ
အလုပ်လုပ်ရင်း စောင့်နေတ့ဲ ကိုဇစ်ကို အခန့်သင့် အိမ်ရှေ့မှာ တွေ့ ရပါတယ်၊ ကိုဇစ် က ရင်နှီးစွာ “ဟာ ..
ကိုထင်လင်း လာဗျာ… တခြားလူတွေတော့ .. မရောက်ကြသေးဘူး .. လာဗျာ .. အထဲဝင်”
လို့တဆက်တည်း ပြောရင်း ထလာပါတယ်၊ ကျွန်တော်လဲ ကင်မရာအိပ်ကိုချ အသာဝင်ထိုင်ပြီး “ သြော်
တော်သေးတာပေါ့ .. ကျွန်တော်ကနောက်ကျပြီ မှတ်တာ .. သူတိုတွေက ဘယ်တော့လောက်ရောက် မလဲ”
ဘာညာပြောပြီး နှစ်ယောက်သား ၀ရံတာဖက်ထွက်ကာ တခြားသူတွေကို စောင့်ရင်း စကားတွေ
ဖေါင်နေကြတယ် ပေါ့ ..
.
ကိုဇစ် က Art ၊ Photographic ၊ ဓါတ်ပုံရိုက်ခြင်း၊ ဘ၀ အကြောင်း၊ ပန်းချီဆရာတွေ အကြောင်း၊
အလုပ် အကြောင်း စတာတွေကို ရှင်းပြ ပြောပြ သလို ကျွန်တော်ကလည်း ကျွန်တော့် ဘ၀ နဲ့ အလုပ်၊
ရေးမိတဲ့ Post တွေ ၊ ခံစားမိတ့ဲ ပုံတွေ အကြောင်း ပြောကြရင်း အခြားဘော်ဘော် တွေကို
စောင့်နေကြပါတယ်။
.
ကိုဇစ် ဟာ အပေါင်းအသင်းတွေကို အတော်ချစ်ခင်ပြီး၊ ဗဟုသုစုံသူ တစ်ယောက်ဆိုတာ
သတိပြုမိခဲ့ပါတယ်၊ ကိုဇေယျာလှိုင် အလုပ်က အတော်ပင်ပန်းတယ် .. ညက Night Shift ဆင်းရပေမယ့်
သူကလာမှာပဲ .. ကိုနိုက် ကိုဒီးဒီး တို့ပါ ပါမှာ.. အခုလည်း ဖုံးဆက်ပြီး Wine ၀ယ်လာမယ် ပြောတယ်..
ဈေးကြီးတယ် မ၀ယ်နဲ့ပြောလဲ မရဘူး ဟု တပြုံးပြုံးနဲ့ ပြောပြ နေပါတယ် …
.
ဒီလိုန့ဲ ပြောနေကြရင်း ကိုဇစ် က ၀င်းပတ့ဲ မျက်နှာနဲ့ “ဟော .. လာကြပြီ ဆိုလို့ လှည့်ကြည့် လိုက်တော့ Corridor ရဲ့ တဖက်ကနေ လာနေတ့ဲ ရှေ့ဆုံးက ကိုနိုက် နောက်က ကိုဒီးဒီး နဲ့ ကိုဇေယျာလှိုင် တို့ လျှောက်လာနေတာတွေ့ ရပါတယ်၊ ဒီလိုနဲ့ ရင်းနှီးစွာ နုတ်ဆက်ကြ ၊ ပစ္စည်းတွေ နေရာချ ၊ နောက်ကြ ပြောင်ကြ ၊ ကိုဇစ် ရဲ့ ထာဝရလက်တွဲ ဖေါ် မမိုး ကိုနုတ်ဆက်၊ ကင်မရာတွေ ဆွဲထုတ် အိမ်ရှေ့ အိမ်ထဲ အိမ်နောက် လှည့်ပတ်ရိုက်ကြ ပါတော့တယ်။ ကိုဇေယျာလှိုင် နဲ့ ကိုနိုက် တို့ လက်က အဆက်မပျက် ရိုက်ရင်း ပါးစပ်ကလဲ ကိုဇစ် ကို ၀ယ်လာတဲ့ Red Wine ပုလင်းဖွင့်ရန် ခွက်စီစဉ်ပေးရန် ပုလင်းကို ခွက် ပန်း တို့နှင့် တွဲပြီး ရိုက်ဖို့ ခုံယူပေးပါ စသည်ဖြင့် မရပ်မနား အလုပ်များ ကြပါတော့တယ်။

ပထမတစ်ခွက် Cheers လုပ်အပြီးမှာတော့ အားလုံး ၀ရံတာတွက်ထိုင်ကြပြီး Art ၊Fine art photographyဖွင့်ဆိုချက်တွေ န့ဲ အခြား Camera န့ဲ ပတ်သက်တဲ့ အကြောင်းတွေ ဆွေးနွေး ဖြစ်ကြပါတယ်၊ ကိုနိုက် က ကျွန်တော့် Post တွေရဲ့ တချို့ အချက်တွေကို ထောက်ပြပြီး အားလုံးဝိုင်း ဆွေးနွေးကြပါတယ်၊ ညက
မအိပ်ခဲ့ရလို့ ဖျော့တော့ နေတ့ဲ ကိုဇေယျာလှိုင် ဟာ Red Wine လေးဝင်သွားချိန်မှာတော့  ပိုပြီးလန်းစမ်း
လာတာကို တွေ့ရပြီး ကိုဒီးဒီး က “မနေ့ညပွဲက အရှိန်တွေ ကျန်နေလို့ ဒုက္ခပါပဲ”..ဟု ပြောပြီး
ခြေသွက်လက်သွက်ဖြင့် သူ့ ခွက်ထဲ ထည့်သမျှ တစ်စက်မကျန်သောက်ရင်း လက်စွဲတော် Camera
တဖြောင်းဖြောင်းနဲ့ လက်စမ်း နေပါတော့တယ်၊ ကိုဇစ် ကတော့ ဘော်ဘော်တွေ လုပ်သမျှ ပြုံးပြုံး .. ပြုံးပြုံး
နဲ့ ကြည့်ပြီး လိုသမျှ လိုက်လုပ်ပေး နေလေရဲ့……

Red Wine နှစ်လုံး ကျဆုံး သွားချိန်မှာ ကိုဇစ် ဟာ သူ့ရဲ့ Flash အသစ်လေး (နေ့ခင်းမှာ
ကျွန်တော့်ကြောင့်ကွဲ) နဲ့ Equipments လေးတွေကိုထုတ်လာတော့ အားလုံး စမ်းကြည့်၊ အကြံပြု
လုပ်ကြပြီး ကိုဇစ် ရဲ့ Photo Creation တွေကို လေ့လာ၊ ကိုယ့်အထင်အမြင်တွေကို ပွင့်ပွင့်လင်းလင်း
ပြောကြ နဲ့ အတော်ပျော်စရာ ကောင်းပါတယ်။ ပြီးတော့ ကိုဇစ် စီစဉ်ထားတဲ့ Singapore မှာ ရှားပါးတဲ့
ငါးသလောက်ချက်၊ မုန့်ဟင်းခါး တို့ နဲ့ နေ့ခင်းစာ ကို လွေးကြပါ တော့တယ်၊ စားပြီး ဆေးလိပ်လေး နဲ့
ခဏနှပ်ပြီး ခရီးစဉ်စဆွဲကြတော့ ကိုဇေယျာ က Serangoon မှာ ၀တ်စုံပြည့် နဲ့ အိန္ဒိယသူ၊ ကိုနိုက် နဲ့
ကိုဒီးဒီး က Portrait ၊ ကိုဇစ် နဲ့ ကျွန်တော်က “Up to you” စသည်ဖြင့် အကြံပြုကြပြီး နောက်ဆုံး ကိုဇစ်
ပြောတဲ့ “မှော်ရုံသွားမယ် အားလုံး ဟာ တလှည့် Model ၊ တလှည့် Shooter လုပ်မယ် ၊ ကမ္ဘာကျော်
ဝတ်ရုံက အစ အားလုံး သယ်သွားမယ်” ဆိုတာကို အားလုံးသဘောတူ ကြပါတယ်၊
.
ကိုနိုက် နှင့် ကိုဒီးဒီး တို့ နှစ်ယောက်က Flash, Stand စတာတွေကို တက်ညီလက်ညီ စီစဉ်ကြပြီး
ကျွန်တော်တို့ အုပ်စု ထွက်ခြဲ့က ပါတော့တယ်၊ ကိုနိုက် နှင့် ကိုဒီးဒီး တို့ဟာ Camera နှင့် ဆက်စပ်
ပစ္စည်းတွေ အသုံးချမှု သိမြင်မှု တွေမှာ အတော့်ကို ကျွမ်းကျင် နှံ့စပ်ကြပါတယ် တော်တော် အတွဲညီတ့ဲ
နှစ်ယောက်ပါပဲ …. တခြားနေရာတွေမှာပါ အတွဲညီတာကိုလဲ နောက်ပိုင်းမှာ တွေ့ရပါတယ် …

ဒီလိုနဲ့ ကိုဇစ် ရဲ့ ဦးဆောင်မှုရဲ့ နောက်ကနေ တွေ့ တဲ့ ရှုခင်း၊ ပန်း၊ ငှက်၊ ကောင်းကင်၊ ငါးမျှားနေသူ
စတာတွေကို ကိုနှစ်သက်တဲ့ဟာတွေ ရိုက်ရင်း ပန်းတိုင်ကို ချီတက်ခဲ့ ကြပါတယ်၊ ၁၅ မိနစ် မိနစ် ၂၀
လောက်ကြာလျှောက်ခြဲ့ကပြီး Potong Pasir Mrt အရောက်မှာ ဘော်ဘော် တစ်ယောက်ကို စောင့်ရင်း
ခဏနားကြပါတယ်၊ကိုဇစ် ကလွဲလို့ ကျန်လူတွေကလဲ မောနေကြပြီလေ၊ ကိုနိုက် တစ်ယောက်က
စီးကရက်တစ်လိပ်ကို ဖွာရှိုက်ရင်းနှပ်နေချိန်၊ ကိုဇေယျာ နဲ့ ကိုဒီးဒီး က ကားမစီးလို့ ကိုဇစ် ကို
ဂျီတွန်နေတုန်း … မကြာပါဘူး….လာပါပြီ နောက်ထပ်တစ်ယောက် ..မသက်စု။
.
ဘာမှစားမလာရသေးတဲ့ သူက မုန့်စားေ၇သောက်လေး လုပ်ပါရစေ ဆိုတော့  အားလုံးဝမ်းသာ သွားတယ.် .ကျွန်တော်က အပျော်ဆုံးပေါ့ … ဘာလို့လဲဆိုတော့ ဆေးလိပ်၊ ဘီယာ တို့ကြောင့် ထွက်နေတဲ့ ဗိုက်ကို ထမ်းပြီး လာရတော့ … အတော့်ကို လူကို ဖါးနေပြီလေ .. ဒီတော့နဲနဲ အချိန်ပိုနား ရရင်လဲ မဆိုးဘူးလေ..
.
Mrt ကနေ ဆက်ထွက်လာတော့ မိုးက စဖေါက်လာပါတော့တယ်၊ ရိုက်မယ့် နေရာရောက်တော့ မိုးက
ပိုစိတ်လာ တော့ ကိုဇစ် နှင့် ကိုဒီးဒီး တို့က မဖွင့်ရသေးတဲ့ Mrt Building ထဲမှာပဲ မိုးစောင့်ရင်း ရိုက်မယ်လို့
ဆုံးဖြတ်ကြပြီး ကိုနိုက် ၊ ကိုဒီးဒီး ၊ ကိုဇစ် တို့တတွေ Flash တွေ Stand တွေ ကို စပြင်ကြတယ်၊ ကိုဇေယျာ
ကတော့ မိုးဖွဲလေးတွေ အောက်မှာ မရမက Close up လိုက်ဆွဲနေ ပါတယ် သူက စကားကို
ပွင့်ပွင့်လင်းလင်းနဲ့  ပြတ်ပြတ်ပြောတတ်ပေမယ့် အနုအလှနဲ့ စိတ်ခံစားချက် ကြီးသူ တစ်ယောက်ဆိုတာ
နားလည်မိ ပါတယ်။
.
ကိုနိုက် တို့ပြင်ဆင် နေတာကို ကိုဇစ် နဲ့ ကိုဇေယျာတို့ မသက်စု ရဲ့ Camera ကို မေးကြ၊ စမ်းရိုက်ကြ
ဆွေးနွေးကြရင်း စောင့်နေကြ ပါတယ်၊

ကိုနိုက် ကစလိုက်တယ် “ကဲ စလို့ရပြီ” လို့ ကြေငြာ လိုက်တာနဲ့ ..

ကိုဇစ် : “ ဇေယျာလှိုင် Model စလုပ်တော့ကွာ”

ကိုဇေယျာ : “မင်းတို့ကလဲ .. ငါ့ချည်းပဲ … ငါကလဲ လက်ပဲမြှောက်တတ်တာ .. ဒါပေမယ့်လဲ ငါပဲ” လို့
ပြောရင်း ဘော်ဘော်တွေ လိုချင်သလို မငြီးမငြူ Model လုပ်ပေးပါတယ်၊ ပြီးတော့ ကိုဒီးဒီး၊ ကိုဇစ်၊ ကိုနိုက်
နှင့် ကျွန်တော်တို့ တစ်ယောက်တလှည့် Model လုပ်ကြ Shot ကြ။ မသက်စုကတော့ ပြုံးပြုံးကြီး ကြည့်လို့ .
.
ပြီးတော့ ပစ္စည်းတွေရွေှ့ နေရာပြောင်းရိုက် ဗဟုသုတလဲရ ပျော်စရာလည်း ကောင်းပါတယ်၊ ကိုနိုက်
ကတော့ ဘယ်ညာသန်သူလို့ ဆိုရအောင် Canon ကော Nikon ကော Setting တွေကြည့်ပေး၊ ချိန်ပေး
ပါတယ်၊

ပစ္စည်းတွေ ဖြုတ်ပြီး တောထဲဝင်မယ် ဆိုတော့ ကျွန်တော်လဲ ကူသိမ်းမယ်ဆိုပြီး Stand ကို အကိုင်
“မောင်မင်းကြီးသား Flash က ပေါ်ကနေ ပြုတ်ကျပြီး ကွဲပါတော့တယ်” ကျကွဲသွားတဲ့ ဟာက ကိုဇစ် Flash
အသစ်လေး …. ကိုဇစ် ကလဲပြေးလာ .. ဘယ်လိုပြန်တပ်မလဲ ပေါ့ … နှစ်ယောက်သားပြန်တပ်တော့ ..
ရတော့ရတယ် ဒါပေမယ့် Battery Cover ကို ကြိုးနဲ့ချီပြီးမှ သုံးလို့ရမယ် … တော်တော့်ကို
စိတ်မကောင်းဖြစ် သွားရပြီး ကျွန်တော် တန်ဖိုးပြန်ပေးပါ့မယ် ပြောပေမယ့် “ရတယ် .. ကိုထင်လင်း .ရတယ်
ကျွန်တော် သုံးလို့ ရတယ်” လို့ အတန်တန် ဆိုပြီး အိပ်ထဲ သိမ်းလိုက်ပါတော့တယ်၊ သူကသုံးလို့
ရတယ်ပြောပေမယ့် အကွဲဟာ အသစ်ပြန် မဖြစ် နိုင်တော့ဘူး ဆိုတဲ့ အသိရယ်၊ သူ့ရဲ့ ခင်မင်
အားနာတတ်တာရယ်ကြောင့် ပိုပြီးစိတ် မကောင်းဖြစ်ခဲ့ ရပါတယ်။
.
တစ်ဖွဲ့လုံး တောထဲဝင် ပတ်လျှောက်ရင်း တွေ့တာလေးတွေ ရိုက်ရင်း တောထဲက အထွက်မှာ
နေညိုနေပါပြီ၊ မိုးကြောင့် ထင်တိုင်း စိတ်ကြိုက်ရိုက်ခွင့် မရခဲ့တဲ့ ဒေါသတွေကို ဂျော်နီ အပေါ်ပုံချရင်း ဒင်းကို
အပြတ်ဖြတ်ဖို့ ဆုံးဖြတ် လိုက်ကြပါတယ်၊ ကိုနိုက် နဲ့ ကိုဒီးဒီး ကတော့ ကျားတွေကို သတ်ချင်တယ် လို့
ဟစ်ကြွေးကြတယ် .. ကိုဇေယျာလှိုင် ကတော့ မသိနိုးနားလေး .. ငေးကြည့် လို့ .. နောက်ဆုံးတော့ ကိုဇစ် က ဂျော်နီ၊ ကိုနိုက် နဲ့ ကိုဒီးဒီး တို့က ကျား ….တွေ့ကြပြီ။ ကျွန်တော်က ရှာမယ် ဖမ်းပေးမယ်၊ စပြီ … ဂျော်နီ ဆိုတဲ့ကောင် အပုန်းကောင်းလို့ အင်္ဂလန်ဘုရင် King Robert ကိုမိခဲ့ တယ်။
.
ဒီကောင်ကို ဖမ်းလာတုန်း ကိုဒီးဒီး က ကျား ၃ ကောင်ဖမ်းထားပြီ … ညီလိုက်ဘော်ဘော်တွေ .. မသက်စု
က ဘဲကင်၊ အခေါက်ကင် တွေနဲ့ သူရဲကောင်းတွေ ကို နှခေါင်းရှုံပြီး လှုပါတယ၊် ကိုဇစ် က King Robert
ကိုပဲ အညှိုးကြီးကြီးန့ဲ နှိပ်ကွပ်လိုက်တာ အငယ်ကောင် အိမ်ရှေ့မင်းသားလေးပါ ကြွသွားတယ်၊ ကိုနိုက် နဲ့
ကိုဒီးဒီး တို့က ကျားတွေ တစ်ကောင်ပြီးတစ်ကောင် သတ်၊ ကိုဇေယျာ နဲ့ ကျွန်တော်ကတော့ King Robert
ကော ကျားပါ ရောသမပြီး ဗျင်း ကြရင်း နာကျည်းမှု ဂလဲ့စားခြေကြ ပါတယ်..
.
စကားတွေ ဖေါင်ဖွဲ့ ပြောကြတော့ ရှေ့ဆက်လုပ်မယ့် Plan လေးတွေ၊ နိုင်ငံတကာ Art နဲ့ Art
Photography တွေ၊ ဂျပန်က စာပေ အကြောင်း တွေ ဆွေးနွေး ၊ ပျော်စရာဘ၀လေး တည်ဆောက်ချင်လို့
နုံခြာတဲ့ အနေအထားကို ရင်ဆိုင်တော့မယ့် သူတစ်ယောက် အကြောင်း၊ ဓါတ်ပုံတွေ အကြောင်း၊
အိမ်ထောင်သည် တို့ရဲ့ Controller တွေ အကြောင်း၊ လက်ရှိအလုပ်တွေ အကြောင်း စသည် .. စသည်တို့
ပြောဆိုရင်း နောက်ဆုံး Mrt ရထားကို မှီရန် လူစုခွဲ အိမ်ပြန် ခဲ့ကြပါတော့ တယ်။
.
အိမ်အရောက်မှာတော့  နှ၊ဲ တယော၊ ဗုံတို ဗုံရှည်၊ ဗျက်စောင်း တို့ နှင့် တကွ England ဘင်သံပါပေါင်း၍
ရှုမငြီး သည့် ချစ်ဇနီး မှ နံက်ခင်း မှာကြားချက်များကို အံ့သြဖွယ်ရာ တစ်ခုမှမလိုက်နာ ခဲ့၍ မနားတမ်းဧည့်ခံ
ပါတော့သည်။ သို့သော် ကျွန်တော်ဟာ လျင်မြန်လွယ်ကူစွာ အိပ်ပျော်ခြင်းဖြင့် ချစ်သောဇနီး ကို
အောင်နိုင်ခဲ့ ပါတော့တယ်၊ သူငယ်ချင်းတို့ လည်းအောင်မြင်ကြပါစေ လို့ဆုတောင်းရင်း …

Sky Blue
08.11.10

No comments:

Post a Comment